Thursday, February 11, 2016

ဖေဖော်ဝါရီ ၁၃ (ဘာနေ့လဲ???)

ဖေဖော်ဝါရီ ၁၃ (ဘာနေ့လဲ???) ၁၂၇၆ ခု တပေါင်းလဆန်း (၁) ရက်၊ 1915 ခုနှစ် ဖေဖော်ဝါရီ 13 ရက်နေ့စနေနေ့မှာ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ သဲချောင်းကြီးအနောက်ဖက်ကမ်း
တောင်ကုန်းပေါ်ကအိမ်ခြေ၂၀၀လောက်ရှိတဲ့ရွာလေးမှာ
ရှေ့နေ ဦးဖာ နှင့် ဒေါ်စုတို့ရဲ့ စတုတ္တမြောက် သား မောင်ထိန်လင်း (ခေါ်)
ဗိုလ်ချုပ်အောင်ဆန်းကို မွေးဖွားသန့်စင်ခဲ့ပါတယ်။
မွေးဇာတာမှာ စနေသားမို့ “ထိန်လင်း “ လို့ရေးပေမဲ့ ၊ အထက်အကို အောင်သန်း နဲ့လိုက်အောင် အောင်ဆန်း လို့ပဲခေါ်ခဲ့ကြတယ်။ မိဘတွေက ဆွံ့အနေလား ထင်ရလောက်အောင် စကားပြော နောက်ကျခဲ့သလို ညီအကို လေးယောက်မှာ အငယ်ဆုံးမို့ အလိုလိုက်ထားခြင်းခံရကာ ၊ အသက်(၇)နှစ်ကျော် (၈)နှစ်အထိ ကျောင်းမတက်ရသေးပါ၊ အကို ကိုအောင်သန်းကိုရှင်ပြုပေးလို့ “ရှင်လောင်းလုပ်ချင်တယ်” ပူဆာတာမှာ အမေဒေါ်စုက “ရှင်လောင်းဆိုတာ စာတတ်မှလုပ်လို့ရတာ” ပြောမှ၊ “ကျောင်းနေပါတော့မယ်” ပြောပြီး ကတိပေး ကျောင်းတက်ဖြစ်တာပါ။
နတ်မောက်မြို့ ဆရာတော် ဦးသောဘိတကျောင်းမှာ ကျောင်းစတက်ပြီး ရေနံချောင်းမြို့ အမျိုးသား အထက်တန်းကျောင်းမှာ အထက်တန်း အောင်ခဲ့တယ် ။ အင်္ဂလိပ်မြန်မာ သတ္တမတန်းစာမေးပွဲမှာ နဝမအဆင့်ရလို့ ဦးရွှေရိုးဆုနဲ့စကောလားရှစ်ဆု ရခဲ့ပါတယ်။ ရန်ကုန်တက္ကသိုလ် တက်နေတဲ့အချိန်မှာ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ (တကသ) ရဲ့ဒုဥက္ကဌ ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) ရဲ့ ဥက္ကဌ ၊ “ အိုးဝေ ” မဂ္ဂဇင်း အယ်ဒီတာ တာဝန်တွေကို ထမ်းဆောင်ခဲ့တယ်။
၁၉၃၆ ခု ထုတ် အိုးဝေမဂ္ဂဇင်း ၊ အတွဲ ၆ အမှတ် ၁ မှာ ဝီလီယမ် အားနက်စ်ဟင်နလီ William Ernest Henley ရဲ့ “ Invictus ” ကဗျာကို “ အနိုင်မခံ ” လို့ ဘာသာပြန် ထုတ်ဝေခဲ့တယ်။
အိုးဝေမဂ္ဂဇင်းမှာ ငရဲခွေးကြီးလွှတ်နေသည် ဆိုတဲ့ ဆောင်းပါးရေးတဲ့သူကို ထုတ်ဖော်မပြောလို့ ကျောင်းထုတ်ခံခဲ့ ရချိန်မှာ သမိုင်းတွင်မဲ့ ဒုတိယ ကျောင်းသားသပိတ် ဖြစ်စေတဲ့အထိ ဖြစ်ခဲ့တယ်။ စိတ်သန်ရာ နိုင်ငံရေးကို လိုက်စားခဲ့တာကြောင့် ရန်ကုန်တက္ကသိုလ်မှာ ခြောက်နှစ်ခွဲပဲ နေခဲ့ပြီး ၊ နိုင်ငံရေးထဲ ခြေစုံပစ်ဝင်၊ သခင်ကိုယ် တော်မှိုင်း ဦးဆောင်တဲ့ ဒို့ဗမာအစည်းအရုံးမှာ ၊ “သခင်အောင်ဆန်း” ဖြစ်လာခဲ့တယ် ။
၁၉၃၉ ဇန်နဝါရီလမှာ ရန်ကုန်အရေး တကြီး အက်ဥပဒေနဲ့ (၁၅)ရက် ဖမ်းဆီးထောင်ချခံရတယ် ၊ ဗမာပြည် ကွန်မြူနစ်ပါတီ ဖွဲ့တော့လဲ အထွေထွေ အတွင်းရေးမှုးတာဝန် ယူခဲ့တယ် ၊ နယ်ချဲ့ဆန့်ကျင်ရေးအတွက် မြေအောက်တော်လှန်ရေး ဗဟိုအဖွဲ့ကို တည်ထောင်တော့ ဗိုလ်ချုပ်ကို ပြည်ပခေါင်းဆောင်အဖြစ် တင်မြှောက်ကြတယ်။ဟသာင်္တခရိုင် ရာဇဝတ်ဝန် မစ္စတာ ဇေးဗီးယားက ဇလွန်မှာ ချင်းတောင်းအ ကြောင်း ဟောပြောမှုနဲ့ ဗိုလ်ချုပ်ကို ဖမ်းဘို့ ငါးကျပ်တန်ဝရမ်းကို ထုတ်ခဲ့တယ် ၊ ၁၉၄၀ ခု သြဂုတ်လ (၈) ရက်နေ့မှာ သခင်လှမြိုင်နဲ့အတူ ဟိုင်လီဆိုတဲ့ သဘောင်္နဲ့ တရုတ်ပြည်ကို လျှို့ဝှက်သွားခဲ့တာဟာ ဗမာပြည်လွှတ်လပ်ရေးရဲ့ ၊ ဒီနေ့ခေတ် ဗမာတပ်မတော် ဖြစ်လာဖို့ သမိုင်းဝင် ခရီးစဉ် ဖြစ်လာခဲ့တယ်။
တရုတ်ပြည် အမွိုင်ကနေ ဂျပန်ပြည်တိုကျိုကို ဆက်သွားပြီး စစ်ပညာသင်ဘို့ ဆွေးနွေးခဲ့တယ်၊ ရဲဘော်သုံးကျိပ်ထဲက ပထမအသုတ် လူငယ်တချို့ကို ကိုယ်တိုင် ပြန်ခေါ်ခဲ့သေးတယ် ၊ ဂျပန်ပြည်မှာ ကိုးလ စစ်ပညာသင်ပြီး ( ၁၉၄၁ ) ခု ဒီဇင်ဘာလ ၂၇ ရက် စနေနေ့ ညတစ်နာရီမှာ ၊ ယိုးဒယားနိုင်ငံ ဘန်ကောက်မြို့က မျိုးချစ်ပုဂ္ဂိုလ်ကြီး ဦးလွန်းဖေ နေအိမ်မှာ ၊ လက်မောင်းသွေး ဖောက်သောက် သစ္စာပြုရင်း BIA ခေါ် ဗမာလွတ်လပ်ရေးတပ်မတော်ကို စတင်ဖွဲ့စည်းခဲ့ကြတယ်။ ဗိုလ်ချုပ်က အဲ့ဒိအချိန်မှာဗိုလ်တေဇ လို့ အမည်ခံယူခဲ့တယ်။
ဗိုလ်ချုပ်ကို အင်္ဂလိပ်အစိုးရက ၁၉၄၂ ခု ဇန်နဝါရီလ (၁) ၇က် နေ့မှာ ဘားမားလစ် ( Burma List) ခေါ် အင်္ဂလိပ်အစိုးရရဲ့ ရန်သူတော်စာရင်းမှာ အမှတ်စဉ် ၅ အဖြစ် ကြေငြာခဲ့သေးတယ်။ BIA ခေါ် ဗမာလွှတ်လပ်ရေးတပ်မတော် ကနေ BDA ခေါ် ဗမာ့ကာကွယ်ရေး တပ်မတော် ကိုပြောင်းတော့ ဗိုလ်ချုပ်ဟာ ဗိုလ်မှုးကြီးရာထူးနဲ့ သေနာပတိ ဖြစ်လာတယ်။ ၁၉၄၂ခုစက်တင်ဘာလ
ခြောက်ရက်နေ့မှာ ဒေါ်ခင်ကြည်နဲ့ လက်ထပ်တယ်။ ၁၉၄၃ခု မတ်လမှ ဗိုလ်ချုပ်ရာထူး၊ တိုးမြင့်ခြင်းခံရတယ်။
၁၉၄၄ ခု သြဂုတ်လ (၄) ရက် နေ့မှာ ပဲခူးမြို့ ဗမာ့တပ်မတော် တိုင်း ၄ စခန်းမှာ ဖက်စစ်တိုက်ဖျက်ရေးနှင့် ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်ကြီး ( ဖတပလ ) ကို ဗိုလ်ချုပ် ဦးဆောင်ပြီး လျှို့ဝှက် ဖွဲ့စည်းခဲ့တာ ဖြစ်တယ် ၊ သြဂုတ်လ နှစ်ဆယ့်သုံးရက် ဗုဒွဟုးနေ့မှာ ဗမာပြည် ကွန်မြူနစ်ပါတီ ၊ ပြည်သူ့ အရေးတော်ပုံပါတီနဲ့ ဗမာ့တပ်မတော် ပေါင်းပြီး ဖက်စစ်ဆန့်ကျင်ရေးနှင့် ပြည်သူ့လွတ်မြောက်ရေး အဖွဲ့ချုပ်ကို ပြန်ဖွဲ့စည်းတော့လဲ ဗိုလ်ချုပ်အိမ်မှာပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
၁၉၄၅ ခု မတ်လ ၂၇ ရက်နေ့ မှာ ဖက်စစ်ဂျပန်တွေကို ဗိုလ်ချုပ် ဦးဆောင် တွန်းလှန်တိုက်ပွဲဝင်ခဲ့တယ်။ အဲ့ဒိနေ့ကို တော်လှန်ရေးနေ့အဖြစ် သတ်မှတ်ခဲ့ပါတယ်။၁၉၄၇ ခု ဖေဖော်ဝါရီလ (၁၂) ရက်က ရှမ်းပြည်တောင်ပိုင်း ပင်လုံမြို့မှာ ပင်လုံ စာချုပ် လတ်မှတ်ရေးထိုးခဲ့တာကို ကြည့်ရင် ဗိုလ်ချုပ်ဟာ မြန်မာလူမျိုးတွေသာမက တိုင်းရင်းသားတွေကပါ လက်ခံတဲ့ ခေါင်းဆောင်ကောင်း တစ်ယောက်ဆိုတာ ပေါ်လွှင် ထင်ရှားခဲ့တယ်။
၁၉၄၇ ခု ဇူလိုင်လ (၁၉) ရက် စနေနေ့မနက် (၁၀ နာရီ ၃၇ မိနစ်)မှာ ဗိုလ်ချုပ်နဲ့တကွ
ခေါင်းဆောင်ကြီးများ လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရပါတယ်။
ဘယ်သူတွေ ဘယ်လိုပဲလုပ်ကြံခဲ့လုပ်ကြံခဲ့ ၊ ဘယ်သူတွေ ဘယ်လိုပဲ ဖျောက်ဖျက် ဖုံးဖုံး ၊ ကျနော်တို့ရင်ထဲမှာဗိုလ်ချုပ်မသေ ၊ ကျနော်တိုပြည်သူတွေ ရင်ထဲမှာ ဗိုလ်ချုပ် အမြဲတမ်းရှိနေမှာမလွဲ လို့ ယူဆရင်း (၁၀၁)နှစ်မြောက် ဗိုလ်ချုပ်အောင်ဆန်း
မွေးနေ့ကို ဂုဏ်ပြုလိုက်ရပါတယ်။

No comments:

Post a Comment