Sunday, March 6, 2016

တို့ရွာသမိုင်း

သူတို့လာမှ
တို့ရွာသမိုင်း အဖြစ်ရိုင်းသည်...
တွေးတိုင်း တက်ခေါက်မိသတည်း ။

ငါတို့ရွာတွင်
မိုးခါမိုးလျောက် ငါးဖားလောက်၏ ။
ဆောင်းလျောက် ဆောင်းခွင် သီးပွင့်ရွှင်၏ ။
နွေလျှင်စုံတော ဟင်းရွက်ပေါ၏ ။

သူတို့လာမှ
တို့ရွာအိုင်အင်း ငါးဖားကင်းခဲ့ ။
စိုက်ခင်းစင်အုံ သီးပွင့်ကုန်ခဲ့ ။
တောစုံမြိုင်ကြား ဟင်းရွက်ရှားခဲ့ ။

ငါတို့ရွာတွင်
ရှေးခါအရှက် အကြောက်ဖက်၍
ကျင့်ပျက်အမှု မကောင်းစုကို
ပြုခဲပြောခဲ တွေးကြံခဲ၏ ။

သူတို့လာမှ
ချော့ကာတမျိုး ခြောက်တမျိုးနှင့်
ကျင့်ရိုးပျက်အောင် မျှားသွေးဆောင်၍
ယောင်ယောင်မှားမှား ကျင့်ပျက်ပြားခဲ့ ။

တက်တခေါက်ခေါက် စိတ်နောက်နောက်နှင့်
တယောက်တမျိုး ထဲကြံခိုး၍
တိုးတိုးတိတ်တိတ် အတွင်းကျိတ်လျက်
စိတ်ချင်းညှိကာ သွေးညှိကာလျှင်
ညီညာသောလိုက် အချိန်ဆိုက်သော်
ကောက်စိုက်စူးတံ ကောက်ဆွလှံနှင့်
ဝါးချွန်ကိုင်စွဲ ဓားကိုင်ဆွဲ၍
ရွာထဲရွာပြင် တောတခွင်၌
သမင်ကိုကျား ချောင်းသောလားသို့
စောင့်စားထိုးခုတ် ရန်မျိုးဖြုတ်က
မျိုးယုတ်ဖက်ဆစ် သူကောင်ပစ်လျက်
လစ်သည်လွတ်ရာ လွတ်ကြောင်းရှာသော်
တို့ရွာသမိုင်း အဖြစ်ရိုင်းမှ
ရှိတိုင်းအမှန် ထွန်းသစ်ပြန်သည်
တော်လှန်ရေး ၏ ကျေးဇူးတည်း ။

(မင်းသုဝဏ်)

No comments:

Post a Comment