ကဗျာ

"ရွာလွမ်းသူ"
ပျော်ရာမှာမနေ
တော်ရာမှာနေရတဲ့
လူ့ဘ၀ဓမ္မတာအရ
ဝေးခဲ့ရသည် တို့ ဌာနေ……
ဒီမှာလေ....
ဒိုးနပ်(စ်)တွေ ဘယ်လို ကောင်းတယ် ပြောပြော
တန်းလက်ရည်ရွဲရွဲ မုန့်လက်ကောက်ပဲ စားချင်ရက်
စက်စက်ယို သွားရေတောင်စိုတယ်…….
တားကစ် ဘရက်နဲ့ ဒစ်(စ်)တွေက
ဘယ်လို နာမည်ကြီးတယ်ပြောပြော
မလှိုင်မုန့်ကြွတ်လောက် ငါမမက်ဘူး……..
ထိုင်းကလာဆာ၊ အီတလီပီဇာတွေ
ကောင်းခြင်းဝေဖြာတယ်ဆိုလည်း
ငါ့အတွက်က ရီစရာပဲ…..
ကိုရီးယား…ကင်ချီက
တို့ရွာ ချဉ်ပတ်ကို ဘယ်မှီမှာလဲ……
ဂျပန်ဆူရှီက
ဘယ်လိုပင် ဟန်ချီလဲ
ဆီထမင်းနဲ့ ပဲပြုတ်ပဲ
စိတ်မှာလေ တကာတောင်း
စားချင်တိုင်းသာ စားရမှာဆိုရင်
အချို ကဲကဲ ဆီ ရွဲရွဲနဲ့
ထောပတ်ဘိန်းမုန့် မုန့်ဖတ်သုတ်၊
လက်သုတ်စုံနဲ့ အကြော်စုံတွေ
ပဲလှော် နှမ်းထောင်း၊ မုန့်စိမ်းပေါင်း
မုန့်လေပွေ၊ စာကလေးခွေ ကပ်စေနဲ၊
မုန့်ကျွဲသဲ မဲမဲသဲသဲ ကောက်လှိုင်းချီ
အပီဝအောင်စားချင်သည်…..
မာတီကားချား အစားတွေစုံ
ဓလေ့တွေ အဖုံဖုံ တွေ့ကြုံဆုံကွဲ
မွေ့လျော် မပျော်နိုင် တွေးကာမိုင်သည်
အော်...ငါ့မှာ
တို့ရွာဘုရားကို ဖူးချင်တယ်…..
တို့ရွာအစာပဲ...စားချင်တယ်…..
တို့ရွာစကားပဲ..ပြောချင်တယ်…...
တို့ရွာမှာပဲနေချင်တယ်…..
ဆုတောင်းတိုင်းသာပြည့်မည်ဆိုရင်
ချဉ်ပေါင်ဟင်းချို ၊ ငါးပိရည်ကျို မှိုနဲ့
ကန်စွန်းရွက်၊ ငါးပတ်မွှေချက်နဲ့
မိသားစု ထမင်းဝိုင်းကို
သူငယ်ချင်းတွေနဲ့ လက်စုံ စားချင်ပါသည်…..

No comments:

Post a Comment